ရွေးကောက်ပွဲကော်မရှင်နဲ့ မီဒီယာတို့ ပူးပေါင်း ဆောင်ရွက်ရာမှာ ယုံကြည်မှု အရေးကြီးတဲ့ သတင်း
February 26, 2015
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို အသိပညာပေးဖို့အတွက် ကော်မရှင်နဲ့ မီဒီယာကြား ပွင့်လင်း မြင်သာမှု၊ ရိုးသားမှုနဲ့ ယုံကြည်မှုရှိဖို့ အရေးကြီးတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဖေဖော်ဝါရီ (၂၄)ရက် နံနက် (၉)နာရီခွဲက နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး (၂၀၁၅)ရွေးကောက်ပွဲကို အောက်တိုဘာလကုန်၊ နိုဝင်ဘာ လဆန်းပိုင်းမှာ ကျင်းပမှာဖြစ်လို့ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ပြည်သူလူထုကို အသိပညာပေးရာမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍအနေနဲ့ အရေးကြီးပြီး၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပညာပေးလုပ်ငန်းတွေနဲ့ ဖြစ်ပေါ်နေတဲ့ သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးဖို့ လိုတယ်လို့ ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။ အဲဒါအပြင် ကော်မရှင်နဲ့ မီဒီယာတို့ ပူးပေါင်း ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှု၊ ရိုးသားမှုနဲ့ ယုံကြည်မှုရှိပြီး သတင်းတွေ ရေးသား တင်ပြရာမှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းပြီး၊ ဘက်လိုက်မှု မရှိဘဲ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့ လိုကြောင်း၊ မီဒီယာတွေအနေနဲ့ မှန်ကန်တဲ့ သတင်းတွေ အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်နိုင်ဖို့အတွက် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်နဲ့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ မီဒီယာတွေက အထောက်အကူ ပေးနိုင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA)၊ Article 19 အဖွဲ့တို့ ပူးပေါင်းပြီး ရွေးကောက်ပွဲဆိုင်ရာ မီဒီယာ လွတ်လပ်ခွင့် နိုင်ငံတကာ စံချိန်စံညွန်းတွေအတွက် အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်ရှိ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမမှာ ဖေဖော်ဝါရီ (၂၄)ရက်မှာ ကျင်းပခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ အဖွဲ့ဝင်တွေနဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး၊ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတွေက ဥက္ကဋ္ဌနဲ့ ရွေးကောက်ပွဲ အရာရှိတွေ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းနဲ့ Article 19 က အဖွဲ့ဝင်တွေ ကော်မရှင်ရုံးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
Please enter your email to join our mailing list